နှိုင်းယှဉ်ခြင်း

saturngod
1 min readDec 12, 2022
Photo by Alexander Grey on Unsplash

ဘဝ တစ်ခုမှာ ကိုယ်ဟာ ဘယ်နေရာရောက်နေတယ် ဆိုးနေသလား ကောင်းနေသည့် ဘဝ ရောက်နေသလား စသည့် ဆုံးဖြတ်ချက်တွကေ နှိုင်းယှဉ်မှု ရှိမှ သာ ဖြစ်ပေါ်လာတာ။​ သူကတော့ ဘာတွေ ဖြစ်နေပြီ။​ ငါကတော့ မဖြစ်သေးဘူး။ ငါကတော့ ဒါတွေ ပိုင်ဆိုင်နေပြီ။ ငါ့သူယ်ချင်းမှာ မရှိတာ ရှိနေပြီ။ စသည့် အချက်တွေအားလုံးဟာ နှိုင်းယှဉ်မှု တစ်ခု ရှိမှသာ ဖြစ်ပေါ်လာတာပဲ ။

လူတစ်ယောက်ဟာ လူကောင်းလား လူဆိုးလား ဆိုပြီး ဆုံးဖြတ်ချက်တွေကလည်း ကိုယ့်စံ ဆုံးဖြတ်ချက် တစ်ခု ကနေ လာတာပဲ။ ဒါကြောင့် လူတော်တော်များများက ကိုယ့်ဘာသာကိုယ် သူတော်ကောင်းကြီးလို့ ထင်မှတ်ကြတာပဲ။ နှိုင်းယှဉ်ဖို့ စံ တစ်ခု မရှိထားခဲ့ရင် အဲဒီ အရာတစ်ခုဟာ ဘာမှ မဟုတ်တော့ဘူး။

ကုသိုလ် အကုသိုလ် ဆိုတာကလည်း ဘာသာတရား က သတ်မှတ်ပေးထားသည့် နှိုင်းယှဉ်မှု ပေါ်မှာ မူတည်ပြီး ဆုံးဖြတ်ချက်ချရတာပဲ။ အိမ်မှာ သောင်းကြမ်းနေသည့် ကြွက်တွေ ပိုးဟပ်တွေ ရှင်းသင့် မရှင်းသင့်ဟာ ဘာသာရေး ရှုထောင့် နဲ့ လူမှုရေး ရှုထောင့် တစ်ခုခု နဲ့ ယှဉ်ပြီး ဆုံးဖြတ်ရတာပဲ။ ဘာသာရေး အရ အကုသိုလ် ဖြစ်ပေမယ့် အိမ်တစ်ခု သာယာပြီး စိတ်ချမ်းသာဖို့က ရှင်းလင်းထားမှ ဖြစ်မယ်။ တစ်နည်းပြောရင် ဘယ်အရာ မှန် တယ် မမှန်ဘူး ဆိုတာ ကိုယ် နှိုင်းယှဉ်မယ့် နှိုင်းယှဉ် ချက်ပေါ်မှာပဲ မူတည်တယ်။ ဒါလုပ်သင့်လား မလုပ်သင့်လား မှန်လား မမှန်လား ဆိုတာ ကိုယ် ဘာ နဲ့ နှိုင်းယှဉ် ဆုံးဖြတ်မှာလဲ။​

ကြက်တွေကို သနားလို့ ကြက်သား မစားဘူး ကြက်ဥ စားတယ် ဆိုသည့် logic ဟာ ကြက်ဥ ရအောင် ကြက်တွကေို ဘယ်လို ထားလဲ ဆိုတာကို သိသည့် သူတွေ အတွက် ဟာသ တစ်ပုဒ်ပဲ။ နွားတွေကို အထွတ်အမြတ်ထားတယ်။​ လယ်ထွန်ကျေးဇူး ရှိတယ်ဆိုပေမယ့် နို့ထွက် ပစ္စည်းနဲ့ မုန့် တွေ လုပ်နေကြတာဟာလည်း နွားနို့ ရအောင် ဘယ်လို လုပ်ရလဲ သိသည့် သူတွေ အတွက် ကတော့ ပြုံးနေမိကြမယ်။ ငယ်ငယ် က သူငယ်ချင်းက အစ် နေ့မှာ နွားသတ် တာကို မှားတယ် ဆိုပြီး ပြောတော့ သူတို့ ပြန်ဝေသည့် အချိန်မှာ တန်းစီနေသည့် သူတွေက ဘယ်သူတွေလဲ ဘယ် ဘာသာ ကိုးကွယ်တယ် မင်းထင်လဲ မေးတော့ အဖြေ ပြန် မရခဲ့ဘူး။

ဒါကြောင့် မတူညီ သည့် ယှဉ်ကျေးမှုတွေ ကြားမှာ တစ်ယောက်ကို တစ်ယောက် နားလည်ဖို့ ခက်ခဲတယ်။ ကိုယ်တိုင်းတာ သည့် စံနှုန်း နှိုင်းယှဉ် ချက်တွေ ဟာ သူတို့ နှိုင်းယှက် ချက်တွေ နဲ့ မတူညီသည့် အတွက် အမြဲ မှန်တယ် မှားတယ် ဖြစ်နေမှာပဲ။

--

--

saturngod

Husband,Father. Love to do Mobile App Developer and running a startup in Yangon, Myanmar. Founder of COMQUAS. Creator of Rabbit Converter.