ဘုံယုံကြည်ချက် နှင့် စိတ်ကူးယဥ်

saturngod
3 min readJan 30, 2022
https://unsplash.com/photos/In4XVKhYaiI

Sapiens A Brief History of Humankind စာအုပ်ကို နားထောင်ရင်းနဲ့ အများကြီးပဲ​ စဥ်းစားဖြစ်တယ်။ အမြဲတန်း ယုံကြည်ထားတာက တရားမျှတမှုဆိုတာ လူသားတွေ ဖန်တီးထားသည့် ဥပဒေ တစ်ခု ဆိုတာပဲ။ လောကကြီး က အလိုလို ဒဏ်မခတ် သလို သူ့အကုသိုလ်နဲ့ သူလည်း မသွားပြန်ဘူး။ ကျွန်တော်တို့က မကောင်းတာ အနိုင်ကျင့်တယ်လို့ ထင်ပေမယ့် လုပ်သည့် သူက ဘယ်တော့မှ အဲလို မထင်ဘူး။​ အဲဒီ အတွက်လည်း အမြဲ လိပ်ပြာလုံနေတာပဲ။ အခု အသက်အရွယ်ထိ ရောက်လာတော့ လူတော်တော်များများကို တွေ့ဖူးတယ်။ ငယ်ငယ်တုန်းက လူကြီးတွေ ပြောသလို သူ့လိပ်ပြာကို သူ့ကို ခြောက်လှန့်လိမ့်မယ် ဆိုတာ မှားတာ ကို တွေ့ ရတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ မှားနေတယ်လို့ ကို မထင်တာ။​ သူမှန်တင်လို့ ထင်ထားသည့် အတွက် သူ့လိပ်ပြာသူလုံတာပဲ။

စာအုပ်ဖတ်ရင်း သဘောတရားတွေ အများကြီး ကို စဥ်းစားမိတယ်။ ကိုရီးယားကား Hellbound ကို စာအုပ်ဖတ်သည့်နေ့မှာပဲ ကြည့်မိတော့ ဘာသာရေး အကြောင်းကို ပိုနားလည်လာတယ်။ ယုံကြည်မှု ကိုးကွယ်မှုတွေ ဟာ လူသားတွေ အတူတကွ ယုံကြည်အောင် လုပ်နိုင်အောင် ဖန်တီးထားတာ တွန်းအားပေးထားတွေ နားလည်လာတယ်။ ဥပဒေဆိုတာလည်း လူတွေ ယုံကြည်လက်ခံပြီး အတူတကွ အလုပ်လုပ်နိုင်အောင် လူသားတွေ ဖန်တီးထားတာပဲ။ နိုင်ငံရဲ့ ဥပဒေ ကို ယုံကြည်မှ အလုပ်လုပ်လို့ရမယ်။ မယုံကြည်သည့် အခါမှာ အဲဒီ နိုင်ငံမှာ အလုပ်တွေ လုပ်လို့မရတော့ဘူး။ အရင်တုန်းက ဘုရင်တွေဟာ ဘာသာရေးကို အသုံးချပြီး တိုင်းပြည်ကို ယုံကြည်အောင် ထိန်းကျောင်းတယ်။ ငါတို့ နဲ့ တိုင်းပြည် အုပ်ချုပ်သူတွေဟာ ဘာသာတူတယ်။ ငါတို့ ယုံကြည်တာ သူ ယုံကြည်မှာပဲ ဆိုပြီး လူတွေ အထင်​ရောက်အောင် ဖန်တီးကြတယ်။ ဒါကြောင့် နိုင်ငံ တစ်ခုမှာ ဘာသာပေါင်းစုံ ဖြစ်လာသည့် အခါမှာ လူ့အခွင့်အရေး ဆိုတာနဲ့ ပြန်ပြီး ထိန်းညှိပြီး ပေါင်းစု လုပ်ကိုင်ဖို့ ဒီမိုကရေစီ လိုမျိုး နိုင်ငံရေး ပေါ်လစီ တွေ နဲ့ ပြန်ညှိပြီး လူသားတွေ ကို ပေါင်းစည်း ပြီး အလုပ်လုပ်နိုင်အောင် ဖန်တီးရတာပဲ။

Scrum မှာ လူ ၁၀ ယောက် နဲ့ တစ်ဖွဲ့ လုပ်ခိုင်းတုန်းက နားမလည်နိုင်ဘူး။ လူတွေ ဟာ ၁၀ ယောက်ထက် ပိုပြီး အတူတကွ မလုပ်နိုင်ကြဘူး ဆိုတာကို သဘောပေါက်လာတယ်။Scrum team ဟာ ၅ ယောက် ဟာ အကောင်းဆုံးဖြစ်ပြီး ၁၀ ယောက် ထက် မပိုသင့်ဘူး ။ ၁၀ ယောက် ထက် ကျော်လာပြီ ဆိုရင် လုပ်ကိုင်ရတာ ခက်လာပြီ။ တစ်ယောက်နဲ့ တစ်ယောက် တူညီ မှုကို ရှာမဖွေ နိုင်လေလေ ပေါင်းစည်းဖို့ ခက်လာလေလေပဲ။ ၁၀ ယောက် ထက် ကျော်လာလျှင် team ကို ၂ ခု ခွဲထုတ်ပြီး အလုပ်လုပ်ကြရတာ အခုပိုနားလည် သွားတယ်။

လူသားတွေဟာ သူဟာ ငါ နဲ့ တူညီ တယ် လို့ လက်ခံထားမှသာ ယုံယုံကြည်ကြည်နဲ့ အလုပ်လုပ်နိုင်တယ်။ ဒီသဘောတရားကို ဘာသာရေး အသိုင်းအဝိုင်းတွေ မှာ တွေ့ရတယ်။ ဘာသာတူခြင်း ဆိုရင် အချင်းချင်းကူညီ ကြတာ။ သူယုံကြည်ချက်တွေဟာ ငါ့ယုံကြည်ချက်တွေ နဲ့ တူညီသည့် အတွက်ကြောင့် သူဟာ ငါ့လိုပဲ စဥ်းစားမယ် ဆိုပြီး ယုံကြည်ကြတာပဲ။

ဘုံယုံကြည်ချက်မရှိရင် တစ်ခါမှ မသိသည့် သူစိမ်းတွေ ဘယ်လို အလုပ်လုပ်ကြမလဲ။ တော်တော်ခက်ခဲလိမ့်မယ်။ Company တွေမှာလည်း Project Manager ကို ခန့်ရတာ ခက်ခဲတာလည်း အဲဒီ လို ယုံကြည်ချက်တွေ ကြောင့်ပဲ။ မတူညီ သည့် field ဖြစ်သည့် အတွက် တူညီသည့် background က လာခဲ့တာ မဟုတ်ရင် သူ နဲ့ ငါ တို့ ဟာ မတူညီဘူး လို့ ခံစားရပြီး ညှိနှိုင်းရ ခက်ပါတယ်။ တူညီသည့် background ကနေ လာပြီး project manager ဖြစ်ဖို့ ကလည်း ခက်ပါတယ်။ နောက်ပြီး Team တစ်ခုကို လူတစ်ယောက် အသစ် ရောက်လာသည့် အခါမှာ မတူညီသည့် politic တွေ နဲ့ တွေ့ကြုံရသည့် အခါမှာလည်း လိုက်လျောညီထွေစွာ မနေနိုင်ရင် ပြဿနာများပါတယ်။ ဒါကြောင့် ယုံကြည်မှု မတူညီ သည့် အခါမှာ team မှာ ဘုံ ယုံကြည်မှုကို ရှာဖွေပြီးမှသာ အလုပ်လုပ်နိုင်လိမ့်မယ်။ ဒါကြောင့် team တစ်ခုဟာ multicultural တည်ဆောက်ဖို့ ခက်ခဲတယ်။ တည်ဆောက်နိုင်သွားခဲ့ရင်လည်း ရှေ့ဆက်ပြီး ကြီးထွားလာဖို့ လွယ်ကူသွားပြီ။

လူသားတွေရဲ့ အဓိက စွမ်းရည်ဟာ ပတ်ဝန်းကျင်ပေါ်မှာ မူတည်ပြီး ပြောင်းလဲ နိုင်စွမ်း နဲ့ စိတ်ကူး နိုင်စွမ်းတို့ ဆိုတာ နားလည် လာတယ်။ ဒါကြောင့် ဘယ်နိုင်ငံရောက်ရောက် ဘယ်ပတ်ဝန်းကျင် ရောက်ရောက် ဘယ်လိုရှင်သန်ရမလဲ ဆိုတာ မြန်မြန် သိပြီး မြန်မြန်လိုက်လျော ညီထွေစွာ နေနိုင်လို့ အခုလို အင်အားကြီးမားလာတာပါ။ အခြားသတ္တဝါတွေ ဟာ ဆင့်ကဲ ပြောင်းလဲမှုတွေကို နှစ်ပေါင်းများစွာ အချိန်ပေးရတယ်။

စိတ်ကူးယဥ်မှုဟာ team တစ်ခု အဖွဲ့အစည်း တစ်ခုကို မောင်းနှင်နိုင်စွမ်းရှိတယ်။ အချို့ company အသေးမှာ တော်ပေမယ့် လခ နည်းနည်း နဲ့ လုပ်ခဲ့ဖူးသူတွေ ကို တွေ့ဖူးတယ်။ အဓိက company ရဲ့ project တွေ ကို ယုံကြည်သလို သူဌေး ရဲ့ လုပ်နိုင်စွမ်း ကိုလည်း ယုံကြည်လို့ ဆိုတာ နားလည်တယ်။ အဲဒီအတွက်ကြောင့် နောင်တချိန် company ဟာ ဘယ်လို ဖြစ်လာမှာဆိုပြီး စိတ်ကူးယဥ် ပြီး ယုံကြည်မှု နဲ့ အလုပ်လုပ်နေကြသည့် သူတွေ လည်း ရှိတယ်။

ဒါကြောင့် startup တော်တော်များများဟာ ဝန်ထမ်းတွေကို စိတ်ကူးယဥ် နိုင်အောင် company road map တွေ company finance အခြေအနေ တွေ နောက်ပြီး သတင်းတွေ ထဲမှာ ပါလာအောင် အမြဲ marketing လုပ်နေကြတာပါ။ ဒါမှသာ စိတ်ကူးယဥ် နိုင်ပြီး အတူ တကွ company အတွက် အလုပ်လုပ်နိုင်ကြလိမ့်မယ်။ စိတ်ကူးယဥ် နိုင်အောင် ဖန်တီး နိုင်ခြင်းအားဖြင့် investor တွေကိုလည်း စိတ်ကူးယဥ် နိုင်အောင် လုပ်နိုင်ဖို့ လိုပါတယ်။ ဒါမှသာ investment တွေ ဆက်ရရှိနေမှာပါ။

ဒီစိတ်ကူးယဥ် ခြင်း အကြောင်းကို စာအုပ်မဖတ်ခင်က သဘောမပေါက်မိဘူး။​ Art Of Start မှာ Company Motto ကို မဖြစ်မနေ ဖန်တီးခိုင်းတာကို နားလည် မိသွားတယ်။ Company Motto ဟာ လူတိုင်း စိတ်ကူးယဥ် သွားဖို့ လမ်းအစလေး ဖွင့်ပေးလိုက်တာပဲ။

ဥပမာ KFC ဆိုရင် It’s finger-lickin’ good ဆိုပြီး သုံးထားတယ်။ ကြည့်လိုက်တာနဲ့ စားကောင်းမယ် ထင်တယ် ဆိုပြီး စိတ်ကူးယဥ် မိသွားတယ်။

သူစိမ်းလူတွေ အတူတကွ အလုပ်လုပ်နိုင်ဖို့ အတွက် တူညီသည့် ယုံကြည်မှုရှိဖို့ လိုတယ်။ အဲဒီ ယုံကြည်မှုဟာလည်း စိတ်ကူးယဥ် နိုင် ဖို့ အခွင့်အလမ်း ရှိရမယ်။ ဒါဟာ လူသားတွေ ရဲ့ ထူးခြားချက်ပဲ။ Satya Nadella ရေးသည့် Hit Refresh ကို အခုမှ ဒီစာအုပ်နဲ့ တွဲပြီး သဘောပေါက်လာတွေ ရှိတယ်။

မျောက်တစ်ကောင်ကို နောင်ဘဝ ငှက်ပျော်သီးတွေ အများကြီး နဲ့ နေရရအောင် ဒီဘဝ ငှက်ပျောသီး လှူပါဆိုပြီး သွားပြောလို့ မရဘူး။ မျောက်တွေဟာ လူတွေလောက် စိတ်ကူး မယဥ် တတ်သလို လက်ရှိ ငှက်ပျောသီးဟာ အသေချာဆုံး ဆိုတာကို သူသိတယ်။

လူတွေဟာ စိတ်ကူးယဥ် နိုင်မှုကြောင့် ဘုံယုံကြည်ချက်တွေ ကို လက်ခံလာနိုင်တယ် လို့ ဆိုရမယ်။ ဒီ စိတ်ကူးယဥ်မှုတွေကို လက်တွေ့ အကောင်ထည် ဖော်ပြီး လေယာဥ်ပျံတွေ အပြင် အာကာသ ထဲ အထိ သွားရောက်နေပြီ။ စိတ်ကူးအတူတူယဥ် ပြီး အတူတူ ယုံကြည်မှု ရှိသည့် သူတွေ က စုပေါင်း ဖန်တီးပြီး တိုးတက် ဆင့်ကဲ ပြောင်းလဲလာတွေပဲ။ စိတ်ကူးယဥ်မှုဟာ လူသားတွေ ရဲ့ အကြီးမားဆုံး စွမ်းအားပဲ။

--

--

saturngod

Husband,Father. Love to do Mobile App Developer and running a startup in Yangon, Myanmar. Founder of COMQUAS. Creator of Rabbit Converter.