မနက်ဖြန် ဆိုရင် COMQUAS တည်ထောင်တာ ၅ နှစ်ပြည့်ပြီ။ ဒီနှစ်က အဆိုးရွားဆုံး နှစ်ပဲ။ မနှစ်က ဝန်ထမ်း ၂၆ ယောက် နဲ့ လည်ပတ် နေတာ အကုန်နီးပါး ရပ်ဆိုင်းသွားရသည့် နှစ်ပဲ။
မနှစ်က ဒီနှစ်ထဲမှာ ဝန်ထမ်း အယောက် ၃၀ အထိ ချဲ့မယ်လို့ မှန်းထားခဲ့တယ်။ အခန်းကျယ်သည့် Condo တစ်ခု ကို ပြောင်းမယ် ဆိုပြီး ပိုက်ဆံ တွေလည်း ဖယ်ပြီး စုထားခဲ့တယ်။ Client တော်တော်များများ နှင့် ရေရှည် plan တွေ ဆွဲထားခဲ့တယ်။ နောက်ထပ်၂ နှစ် အတွင်းမှာ အများကြီးလုပ်ဖို့ plan တွေ ကော budget တွေ ကော အကုန်ရေးဆွဲထားခဲ့ဖူးတယ်။
ဖော်ဖါဝါရီ ၁ ရက် ကိစ္စနောက်ပိုင်းမှာ clients တွေက လုပ်လက်ဆ အလုပ်တွေ ကို ရပ်သည့်သူက ရပ်။ App ထက် traditional business ဘက်ကို ပြန်ပြောင်းသွားသည့်သူတွေ ၊ new investment မလုပ်တော့ပဲ လက်ရှိ run နေသည့် business ကို အခြေမပျက်အောင် မနည်းပြန်ထိန်း ရသည့် clients တွေ နဲ့ ကြုံခဲ့ရတယ်။ အသစ်ထပ်လုပ်မယ့် Business တွေ အများကြီး ရပ်ဆိုင်းထားလိုက်တော့ launch လုပ်ခါနီးမှာ နောက်ဆုံး payment တွေ မရလိုက်တာတွေ အများကြီး ဖြစ်ကုန်တယ်။ Launch လုပ်ပေးလိုက်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် payment မရတာတွေလည်း ရှိတယ်။ အချို့ company ကြီးတွေက နှစ်ချီပြီး ပိုက်ဆံ တောင်းနေရသည့် ကိစ္စတွေကိုလည်း ဒီနှစ် ကြုံရတယ်။ ခက်ခက်ခဲခဲ ကို ရဖို့ လုပ်ရတာ။ ဒီနှစ် မကုန်ခင်မှာတော့ ရမယ် ထင်ပါတယ်။ project မပြီးသေးပေမယ့် ပိုက်ဆံ လိုလိမ့်မယ်် ယူထားဆိုပြီး payment အကုန်ကြိုပေးသွားသည့် client တွေနဲ့လည်း ကြုံခဲ့ရပြီး ကျေးဇူးလည်း အထူးတင်မိပါတယ်။
အခုတလောမှာ investment အသစ်လုပ်မယ့် client တွေကိုလည်း မလုပ်ပါနဲ့ အုံးလို့ပဲ တားပြီး မလုပ်ဖြစ်ခဲ့ဘူး။ အရှုံးတွေ အကြီးအကျယ်ဖြစ်ခဲ့ရပြီး ၃ လ လောက် တောင့်ခံ ခဲ့သေးတယ်။ Company saving တွေကာ personal saving တွေ ပါ ထုတ်သုံးပြီး တောင့်ခံခဲ့ပေမယ့် နောက်ဆုံး ဇွန်လမှာ တော့ ဝန်ထမ်းအားလုံး နီးပါး ရပ်နားခဲ့တယ်။ အခုထက်ထိတော့ ပြီးဖို့ လိုသည့် project တွေ support လုပ်ဖို့ လိုသည့် project တွေကို ဆက်ပြီး လုပ်နေတုန်းပဲ။ Company ကတော့ ဆက်ပြီး ရှိနေအုံးမယ်။ ဝန်ထမ်းတွေ အများကြီးတော့ မရှိပေမယ့် လုပ်စရာအလုပ်တွေ ကတော့ အများကြီး ကျန်နေသေးတယ်။
ဒီလို ခက်ခဲသည့် ကာလ ထဲမှာ City Mall Mobile Appကို launch လုပ်နိုင်ခဲ့တာ ဒီနှစ် အတွက် အောင်မြင်မှု တစ်ခုပဲ။ အညာသူ လိုမျိုး ထမင်း ဆိုင် အတွက် App လုပ်ပေးခဲ့ နိုင်တာလည်း ကျေနပ်မိတယ်။ နောက်ထပ် ဂုဏ်ယူရမယ့် App နှစ်ခုကိုလည်း ဒီနှစ် အတွင်း လုပ်နိုင်အောင် လူနည်းနည်း နဲ့ ဖြစ်အောင် ကြိုးစားနေရတယ်။ မကြာခင်မှာ version အသစ် launch လုပ်မယ့် Shwe Note က ebook reader ကို အစကနေ အဆုံးထိ သေသေချာချာ ရေးထားပြီး performance ကို အများကြီး တက်လာအောင် Shwe Note ရဲ့ format တွေပေါ်မှာ မူတည်ပြီး အဆင်ပြေအောင် အများကြီး ပြန်ရေးထားနိုင်ခဲ့တာလည်း ဒီနှစ် အတွက် အောင်မြင်မှု တစ်ခုပဲ။
Planning is a guessing ဆိုတာ ကို ဒီနှစ်မှာ နားလည်သွားတယ်။
Service လုပ်ငန်းဟာ client ရဲ့ စီးပွားရေးနဲ့ အများကြီး သက်ဆိုင်နေတယ်။ Client ရဲ့ ငွေပေးချေမှုဟာ service company တစ်ခု ရှေ့ဆက်ဖို့ အသက်ပဲ ဆိုတာ နားလည်လိုက်တယ်။ နိုင်ငံရေး မတည်ငြိမ်မှုဟာ စီးပွားရေးကို အများကြီး ထိခိုက်တယ်။ Investment တွေ အများကြီး ထွက်သွားသလို ရှိလက်စ project တွေလည်း ရပ်သွားတာတွေ အများကြီး။ internet ပိတ်ခံလိုက်ရသည့် အချိန်မှာ ငါတို့ လုပ်ငန်းဟာ internet ပိတ်ခံရရင် ဘာမှ လုပ်မရပါလား ဆိုသည့် Shock လည်း ရလိုက်တယ်။
COMQUAS ကတော့ ရှေ့ဆက်ရှိနေမှာပဲ။ နောက်ပိုင်း Service Company ကနေ product company တစ်ခု ဖြစ်နိုင်အောင် ကြိုးစားမယ် လို့ စဥ်းစားထားတယ်။ ၅ နှစ်အတွင်းမှာ ရလိုက်သည့် အတွေ့အကြုံက ဘယ်သင်တန်းမှာမှ တက်ပြီး သင်လို့မရဘူး။ ဒီအတွေ့အကြုံတွေကိုပဲ ရှေ့ဆက်ပြီး အသုံးချရမှာပဲ။