Sitemap

ကော်ဖီဖြတ်ခြင်း

saturngod
2 min readJun 25, 2023

ကော်ဖီသောက်လာတာ နှစ်ပေါင်းမနည်းတော့ဘူး။ ဒါပေမယ့် မသောက်တော့ဘူး ဆုံးဖြတ်လိုက်ပြီး မသောက်ပဲ နေကြည့်လိုက်တယ်။ ကော်ဖီသောက်ခြင်း ကောင်းခြင်း ဆိုးခြင်းတွေကတော့ စာတွေ လိုက်ဖတ်ရင် သိနိုင်ပေမယ့် မသောက်ပဲ နေမယ် ဆိုပြီး ဒီအတိုင်း ဖြတ်ကြည့်လိုက်တယ်။

ပထမ နေ့

သောကြာနေ့မှ စဖြတ်တယ်။ ဘာမှ မဖြစ်ဘူး။ အေးအေးဆေးပဲ။ ပုံမှန် ထက်ဘာမှ ပိုပြီး ထူးမခြားနားသွားဘူး။ ကော်ဖီ သောက်ချင်ရင် ရေသောက်လိုက်တယ်။

ဒုတိယနေ့

ခံရခက်တယ်။ သောက်ဖို့ ကြိုးစားချင်စိတ်တွေ စိတ်လျော့ချင်စိတ်တွေ ဖြစ်တယ်။ ညနေ ဘက်ရောက်တော့ လက်တွေတုန်နေတယ်။ ခံရခက်တယ်။ သောက်ချင်စိတ်က ဖြစ်လာတိုင်း မေ့ပြီးနေ ပေမယ့် ခန္ဓာကိုယ်ကတော့ မရဘူး။ လက်တွေ တုန်တာကတော့ ဆိုးတယ်။

တတိယနေ့

အဆိုးဆုံးပဲ။ ကံကောင်းတာက တနင်္ဂနွေ နေ့ ဖြစ်နေတာပဲ။ အိပ်ယာထဲ လဲတာပဲ။ ထ တောင် မထ နိုင်ဘူး။ ခေါင်းတွေ အရမ်းကိုက်ပြီး အိပ်ပဲ အိပ်ချင်နေတယ်။ ခေါင်းကိုက်လို့ ဆေးသောက်ပြီး ပြန်အိပ်။ နိုးလာရင် ပြန်ကိုက်။ ဘာမှလည်း လုပ်ချင်စိတ် မရှိသလို ဘာမှ လည်း လုပ်မရဘူး။ အိပ်နေတာပဲ အဆင်ပြေဆုံးပဲ။ အိပ်ယာပေါ်ကနေ ထ ကို မထနိုင်တာ။

စတုတ္ထနေ့

ခေါင်းကိုက်တာပဲ ရှိတော့တယ်။ နေ့လို့ အဆင်ပြေသွားပြီ။ လူက နည်းနည်း ထိုင်းတယ်။ ခေါင်းကိုက်တယ်။​ ဆေးသောက်ပြီး နေလို့ အဆင်ပြေတယ်။

ပဉ္စမနေ့

ပုံမှန် ပြန်ဖြစ်သွားသည့် နေ့ပဲ။

ဘာပြောင်းလဲသွားလဲ ?

ကော်ဖီ မသောက်တာ ၂ ပတ် အတွင်းမှာ ထူးခြားမှုက ထူးထူးခြားခြားမရှိဘူး။ ထူးခြားတာတွေက

၁. အမြဲအိပ်ငိုက်တယ်
၂. နေ့လည် တစ်ခါတစ်လေ အိပ်လိုက်ချင်တယ်
၃. အိပ်ရေးမဝသည့် နေ့တွေဆိုရင် မလန်းဘူး ဖြစ်တယ်။
၄. ညဘက်တွေမှာ ကော်ဖီ မပါတော့ အလုပ်လုပ်ရတာ တစ်ခုခု လိုနေသလိုပဲ။

အဲဒါ အပြင်ထူးထူးခြားခြားတော့ မရှိဘူး။

ကောင်းတာတွေကတော့

၁. ကော်ဖီဖိုး မကုန်တော့ဘူး။ Starbucks တွေ့ရင် သောက်လိုက်မယ် ဆိုပြီး မရှိတော့ဘူး။
၂. ကော်ဖီ ခွက်ဆေးရတာ သက်သာတယ်။
၃. ကော်ဖီ ဖျော်ချိန် သက်သာတယ်။
၄. ရေပိုသောက်ဖြစ်တယ်။

ဒါ့အပြင် ထူးထူးခြားခြားကြီး ပြောင်းလဲ သွားတာ မရှိဘူး။ အိပ်ချိန် စားချိန် တွေက အရင် အတိုင်းပဲ။ ဘာမှ မပြောင်းလဲဘူး။ ကျန်းမာရေးလည်း အရင် အတိုင်းပဲ။ ဘာမှ မပြောင်းလဲဘူး။ Weight lost လည်း မဖြစ်သလို Weight gain လည်း မဖြစ်ဘူး။ တကယ်ကို ဘာမှ မပြောင်းလဲသွားတာ။ အစားအသောက်လည်း ဘာမှ မပြောင်းလဲဘူး။ အရင်အတိုင်းပဲ။

လချီကြာရင် နှစ်ချီ ကြာရင် ဘာထူးမလဲတော့ မသိဘူး။ ၂ ပတ် အတွင်းတော့ ဘာမှ မထူးခြားဘူး။ ၅ ရက်လောက်တော့ အချိန် ပေးပြီး ဖြတ်ရတယ်။​ အဲဒီ​ ၅ ရက်မှာ တတိယ ရက် က အဆိုးဆုံးပဲ။

Update:

၃ ပတ် ကျော်မှာ ထူးထူးခြားခြား ပြောင်းလဲလာတာ ညဘက် မျက်စိ မှိတ်လိုက်တာနဲ့ အိပ်ပျော်ခြင်းပဲ။ အရင်ကဆိုရင် ညဘက် ချက်ခြင်း အိပ်မပျော်လို့ သီချင်းလေး ဖြစ်ဖြစ် ဖွင့်ထားတာပဲ ဖြစ်ဖြစ် အိပ်ပျော်အောင် စိတ်ကို relax လုပ်တာ ဖြစ်ဖြစ် လုပ်ပြီး မှ အိပ်ဖြစ်ပေမယ့် အခုကတော့ အိပ်မယ်ဆိုတာ နဲ့ တန်းအိပ်ပျော်သွားတာပဲ။ မနက် alram ပေးထားချိန်မှာလည်း ချက်ခြင်း ထ နိုင်တယ်။ အရင်ကဆိုရင် မနက် နိုးလာရင် ကော်ဖီလေး တစ်ခွက်သောက်ပြီးမှ လုပ်စရာ ရှိတာ လုပ်နိုင်ပေမယ့် အခုကတော့ ကော်ဖီ မပါပဲ ကောင်းကောင်းမွန်မွန် ထပြီး အလုပ်တွေ လုပ်နိုင်တာပဲ။

--

--

saturngod
saturngod

Written by saturngod

Husband,Father. Just a developer who enjoy coding

No responses yet